မာတိကာသို့ ခုန်သွားရန်

ကွတ် ဂျော့ ကီးဆင်းဂျား

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ကွတ်ဂျော့ ကီးဆင်းဂျား

ကွတ် ဂျော့ ကီးဆင်းဂျား (ခရစ် ၁၉ဝ၄-၁၉၈၈) သည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်ထိ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ကွတ်ဂျော့ကီး ဆင်းဂျားကို ၁၉ဝ၄ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ဗျူတင်ဗဲ့ပြည်နယ် အဲ့ဘင်ဂျင်မြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က ဘာလင်မြို့တက္ကသိုလ်နှင့် တူဘင်ဂျင်မြို့ တက္ကသိုလ်တို့၌ ပညာဆည်းပူးခဲ့သည်။

ကီးဆင်းဂျားသည် ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ အာဏာရရှိပြီးနောက် ပေါ်ထွန်းလာသော နာဇီပါတီသို့ ဝင်ရောက်ခဲ့ဖူးသည်။ သို့ရာတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်းမရှိချေ။ ၁၉၃၄ ခုနှစ်မှ ၁၉၄၅ ခုနှစ် ထိ ဘာလင်မြို့၌ ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အမျိုးသားဆိုရှယ်လစ်ဝါဒီ ရှေ့နေများ အသင်းသို့ ဝင်ရောက်ရန် ကမ်းလှမ်းခြင်းကိုငြင်းဆန်ခဲ့သည်။

ကီးဆင်းဂျားသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်နိုင်ငံခြားရေးဝန်ကြီးဌာန ရေဒီယိုအသံလွှင့်ဌာနတွင် လက်ထောက် ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် စစ်ပြီး သောအခါ အမေရိကန်တပ်များက ကီးဆင်းဂျားကို အကျယ်ချုပ် ဖြင့်ထိန်းသိမ်းထားခဲ့သည်။ သို့သော် တစ်နှစ်ခွဲခန့်အကြာတွင် မဟာမိတ်တို့၏ဂျာမန်နာဇီစနစ် ဖျက်သိမ်းရေးဆိုင်ရာတရားရုံးက ကီးဆင်းဂျားသည်ပြစ်မှုကင်းရှင်းသည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့ဖြင့် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးလျှင် တူဘင်ဂျင်မြို့၌ရှေ့နေအဖြစ် အသက်မွေးပြန်သည်။ ကီးဆင်းဂျားသည် ကွန်းရက် အာအင်နောဝါး (၁၈၇၆-၁၉၆၇) ၏ ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂပါတီ (စီဒီယူ) သို့ဝင်ရောက်သည်။ ၁၉၄၉ ခုနှစ်တွင် အသစ်ဖွဲ့စည်းသော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ခံရသည်။ ဘွန်းဒက်ရှတပ်(ပြည်ထောင်စု အောက်လွှတ် တော်) တွင် လွှတ်တော်အမတ် အဖြစ် ၁၉၅၈ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာအထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင် ခဲ့ရသည်။ ကီးဆင်းဂျားသည် အာဒင်နောဝါး၏အနောက်အုပ်စုလိုလားသော နိုင်ငံခြားရေးမူဝါဒနှင့် ရှေးရိုးဆန်သော ပြည်တွင်းရေးရာဝါဒကို ထောက်ခံခဲ့သည်။ ညွှန့်ပေါင်းအစိုးရ အဖွဲ့အတွင်း ဆိုရှယ်ဒီမိုကရက်များ (အက်စ်ပီဒီ) ၏နေရာတွင် ဖရီးဒီမိုကရက်များ (အက်ဖ်ဒီပီ) နှင့်အစားထိုးဖွဲ့စည်းလိုက်ခြင်းဖြင့် လက်ယာသို့ ပိုမိုယိမ်းသွားသည့် ဖြစ်ရပ်တွင် ကီးဆင်းဂျား၏ ရပ်တည် ချက်သည် အရေးပါခဲ့သည်ဟုဆိုသည်။

ကီးဆင်းဂျားသည် ၁၉၅၈ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိဘာဒင်ဗျူတင်ဗဲ့ပြည်နယ်ဆိုင်ရာ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်မှစ၍ ဘွန်းဒက်စ်ရတ်(အထက်လွှတ်တော်) ၏သဘာပတိ ဖြစ် လာသည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ် လုဒဝစ် အဲဟာ့ဒ် (၁၈၉၇- ၁၉၇၇) ၏တာဝန်ကို ဆက်ခံခဲ့သည်။ နာဇီပါတီဖြစ်ခဲ့ဖူး၍ လူကြိုက်မများလှသော်လည်း စီဒီယူနှင့် အက်စ် ပီဒီ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိခဲ့ခြင်းပင်ဖြစ်သည်။

အာဒင်နောဝါးနှင့်အဲ့ဟာ့ဒ်တို့၏ အနောက်အုပ်စုလိုလားသော မူဝါဒများကို ဆက်လက်ကိုင်စွဲခဲ့သည့် ကီးဆင်းဂျားသည် တစ်ဘက်တွင်လည်း ဆိုဗီယက်အုပ်စုနှင့် တင်းမာမှုလျော့ပါးရေးကို အတိုင်းအတာ တစ်ခု ထိဆောင်ရွက်နိုင်ခဲ့သည်။ ဂျာမန်သုံး မတ်ငွေကို တန်ဖိုးတိုးမြှင့် သတ်မှတ်ရေးကိစ္စနှင့် စပ်လျဉ်း၍ အငြင်းပွားကာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ အက်စ်ပီဒီတို့ နုတ်ထွက်သွားကြသဖြင့် ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့တွင်ကီးဆင်းဂျားလည်း ဝန်ကြီးချုပ်တာဝန်ကို ဆိုရှယ်ဒီမိုကရက်ဝါဒီဝီလီဘရန့် (၁၉၁၃-) အားလွှဲ အပ်ခဲ့ရသည်။ ကီးဆင်းဂျားသည် စီဒီယူ ဥက္ကဋ္ဌအဖြစ်၉၆၇ ခုနှစ် မှ ၁၉၇၁ ခုနှစ်ထိ ဆောင်ရွက်ခဲ့သည်။

အရှေ့ဂျာမနီအပါအဝင် အရှေ့ဥရောပအုပ်စုဝင် နိုင်ငံတို့နှင့် ဆက်ဆံရေးပုံမှန်ပြုလုပ်ရန် တွန်းအားပေးသည့် အော့စ်ထ်ပိုလစ်တစ် (အရှေ့နိုင်ငံရေး) မူဝါဒကို စတင်ပျိုးထောင်ခဲ့၍ထင်ရှားသောအနောက်ဂျာမနီ နိုင်ငံရေးသုခမိန် ကွတ်ဂျော့ကီးဆင်းဂျားသည် ၁၉၈၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် တူဘင်ဂျင်မြို့၌နှလုံး ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)